You are here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောင်သာမြို့နယ်ရှိ ဇဂျမ်း-ကန်မြဲ ကန်နှင့် စက်ရေတွင်း တူးဖော်နေမှုများ၊ နွားထိုးကြီးမြို့နယ်ရှိ ကန်နားကန်ပြန်လည် ပြုပြင်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောင်သာမြို့နယ်ရှိ ဇဂျမ်း-ကန်မြဲ ကန်နှင့် စက်ရေတွင်း တူးဖော်နေမှုများ၊ နွားထိုးကြီးမြို့နယ်ရှိ ကန်နားကန်ပြန်လည် ပြုပြင်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇     
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်(၈) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ် ဇဂျမ်း-ကန်မြဲကျေးရွာ အုပ်စုရှိ ဇဂျမ်း-ကန်မြဲကန် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

      
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ကန်မြဲကျေးရွာသို့ ရောက်ရှိရာ ကျေးရွာလူထုက လှိုက်လှဲစွာ ကြိုဆိုကြသည် ။

      
ထို့နောက် ရှင်းလင်းဆောင်၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က ဇဂျမ်း- ကန်မြဲကန် ပြန်လည်ပြုပြင်နေမှု၊ ပြုပြင် ပြီးစီးပါက ဒေသခံ ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းလာမည့် အခြေအနေ၊ တောင်သာမြို့နယ် အနောက်ခြမ်း ရေရှိရေး အတွက် စက်ရေတွင်းများ တူးဖော်နေမှု တို့ကို ရှင်းလင်း တင်ပြကြသည် ။

      
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ဇဂျမ်း-ကန်မြဲကျေးရွာ အုပ်စုအနေဖြင့် ဤကန်ကြီး ပြန်လည်ပြုပြင် ပြီးစီးပါက ရေလုံလောက်စွာ သုံးစွဲနိုင်တော့မည် ဖြစ်ပြီး နိုင်ငံတော် အစိုးရ၏ စီစဉ်ပေးမှုကြောင့် မကြာမီ လျှပ်စစ်ဓာတ်အားလည်း ရရှိတော့မည် ဖြစ်ကြောင်း၊ ရေ၊ မီး ပြည့်စုံလာသည် နှင့်အမျှ စိုက်ပျိုးရေး သာမက အိမ်တွင်း စက်မှုလုပ်ငန်း လေးများကိုလည်း လုပ်ကိုင်လာနိုင်တော့မည်ဖြစ်ကြောင်း၊ ဒေသခံများ စီးပွားရေး ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော် အစိုးရ၏ ပြည်သူအပေါ် ထားရှိသည့် စေတနာပင် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ကလည်း နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်း ယမန်နှစ်က ဆည်/ကန်ပေါင်း (၂၀၆) ခု အသစ်တည်ဆောက်၊ ပြန်လည် တူးဖော်ပေးခဲ့ပြီး စက်ရေ တွင်းပေါင်း(၃၀၁) တွင်း တူးဖော် ပေးခဲ့ပါကြောင်း၊ မိုးနည်းရေရှား ရပ်ဝန်းဖြစ်သည့် မိမိတို့ တိုင်းဒေသကြီးတွင် ယခုနှစ် တွင်လည်း ဆည်/ကန်ပေါင်း (၂၁၆) ခုကို တူးဖော် ပေးနေသည့် အပြင် ယခု ဇဂျမ်း-ကန်မြဲ ကန်ကြီးကိုလည်း ပြန်လည်ပြုပြင် ပေးနေပြီဖြစ်ကြောင်း၊ အမှန်တကယ် ရေလိုအပ်သည့် ကျေးရွာများတွင် လက်တွေ့ရေ ရရှိအောင် ဆောင်ရွက်ပေးသည့် အတွက် နိုင်ငံတော် အစိုးရအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား ခဲ့သည် ။

      
ယင်းနောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက တောင်သာ မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေကို ရှင်းလင်းပြောကြားသည်။

      
ထို့နောက် နိုင်ငံတော်သမ္မတက ဒေသခံ ပြည်သူများအား ပြောကြားရာတွင် ဤဒေသရှိ ကျေးရွာ များမှာ သွားလာရေး ခက်ခဲပြီး မိုးခေါင်ရေရှား ဒေသဖြစ်သဖြင့် သောက်သုံးရေလည်း လုံလောက်စွာ မရရှိကြောင်း သို့ဖြစ်ပါ၍ ယခုကဲ့သို့ သောက်သုံးရေ ဖူလုံစွာ ရရှိရန် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးနေပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ပြည်သူများ လူနေမှုဘ၀ မြင့်မားလာရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကိုလည်း အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော် သည် ကျေးလက်မှာ ပင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် ယင်းလုပ်ငန်းများ အောင်မြင်ပါမှ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း ။

      
နိုင်ငံတော်အတွင်း ကျေးရွာပေါင်း (၆၄၀၀၀) ကျော်တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူများ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်မှုများ အားကောင်းလာစေရေး၊ ပညာရေး၊ ကျန်းမာရေးပါမကျန် ဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး တို့အတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ။

      
ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာရေးအတွက် စိုက်ပျိုးရေရရှိရေး ကိုလည်း ကြိုးပမ်း ဆောင်ရွက်ပေးနေပါကြောင်း၊ သို့မှသာ ယခင်မိုးရာသီ တစ်သီးသာ စိုက်ပျိုးနိုင်ရာမှ တစ်နှစ် နှစ်သီး၊ သုံးသီးအထိ စိုက်ပျိုးလာနိုင်ပြီး ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေသည်လည်း နှစ်ဆမှ သုံးဆ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းသည် အပြန်အလှန် အကျိုးပြုနေသည့် လုပ်ငန်းများဖြစ်သဖြင့် တွဲဖက်လုပ်ကိုင်စေ လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး ပြေလည်အောင် အဓိကထားကြိုးပမ်း ဆောင်ရွက်ပေးနေပါကြောင်း ။

      
အခြားတစ်ဘက်တွင်လည်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ ပါကြောင်း၊ နိုင်ငံ့စီးပွားရေး အခွင့်အလမ်းမှာ ပွင့်လန်းလာပြီ ဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုရှိပြီး စီးပွားရေး လုပ်ငန်းများလည်း တိုးတက်အောင်မြင် လာပါက ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် မိမိတို့ အစိုးရအဖွဲ့ တစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ဘဲ ပြည်သူများကပါ ပါဝင်ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူအားလုံးက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားခဲ့သည် ။

      
ယင်းနောက် ဇရမ်း-ကန်မြဲကျေးရွာ အုပ်စုမှ ဒေသခံများက ကန်ပြုပြင်ပေးခြင်း၊ စက်ရေတွင်း များ တူးဖော်ပေးခြင်းတို့ အတွက် ကျေးဇူးတင်စကား ပြောကြားကြသည်။

      
ထို့နောက် နိုင်ငံတော် သမ္မတက ဇဂျမ်း-ကန်မြဲကန်ကြီးနှင့် စက်ရေတွင်းများ တူးဖော်ပေး နေသည့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ဒေသခံ ဘိုးဘွားများ၊ ရင် သွေးငယ်များနှင့် ပြည်သူများအား ဗုဒ္ဓရုပ်ပွားတော်၊ ဆိုလာမီးအိမ်၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးပေးသည့် အသားတိုး ဝက်နှင့် တိုင်းရင်းကြက်များကို ပေးအပ်ခဲ့သည် ။

      
ဆက်လက်၍ ကန်မြဲစက်ရေတွင်းမှ ရေစတင်ထွက်ရှိမှု၊ ဇဂျမ်း-ကန်မြဲကန်ကြီး ပြန်လည် ပြုပြင်နေမှုနှင့် ဇဂျမ်း အထကကျောင်းဝင်းအတွင်း တူးဖော်ပြီးစီးသည့် စက်ရေတွင်းမှ သောက်သုံးရေများ ရရှိနေမှုတို့ကို လှည့်လည် ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

      
ဇဂျမ်း-ကန်မြဲကန်သည် တောင်သာမြို့နယ် ဇဂျမ်း-ကန်မြဲ ကျေးရွာအုပ်စု၏ သောက်သုံးရေ ကန်ကြီးဖြစ်သည်။ အနော်ရထာမင်း လက်ထက်က တည်ဆောက်ခဲ့သော ကန်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသည် နှင့်အမျှ သဲနုံးများ ပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှု နည်းပါးပြီး ရေဝင်ရောက်မှုလည်း လျော့နည်းလာသဖြင့် ယခုကဲ့သို့ပြန်လည်ပြုပြင် ပေးခြင်း ဖြစ်သည် ။

      
ကန်ကြီးမှာ ဇဂျမ်းကျေးရွာ အပါအဝင် ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာပေါင်း (၁၅) ရွာမှ အိမ် ထောင်စု (၄၀၀၀) ကျော်၊ လူဦးရေ (၂၂၀၀၀) ခန့်က မှီခိုအားထားရပြီး ယခင်က သောက်သုံးရေ သာမက စိုက်ပျိုးရေ အတွက်ပါ အားထားရသော ကန်ကြီး ဖြစ်သော်လည်း ကန်ယိုယွင်း လာမှုကြောင့်  ကန်ရေကိုနှစ်ပတ်လည် အသုံးပြုနိုင်ခြင်း မရှိတော့ပေ ။

      
အဆိုပါရေကန်ကြီးကို ဆည်မြောင်း ဦးစီးဌာနက ဇန်နဝါရီလမှ စတင်၍ ပြုပြင်လျက်ရှိပြီး မတ်လကုန်တွင် ပြန်လည်ပြုပြင် ပြီးစီးမည်ဖြစ်သည်။  ပြုပြင်ပြီးစီးပါက ယခင်က ရေဂါလန် (၁၄၆) သိန်းသာ သိုလှောင်နိုင်ရာမှ ရေဂါလန်(၄၀၅) သိန်းအထိ သိုလှောင်နိုင်မည်ဖြစ်ပြီး လူနှင့် ကျွဲ၊နွား တိရစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစေမည့်အပြင် ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး ကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည် ။

      
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန ကလည်း တောင်သာမြို့နယ် အနောက်ဘက်ခြမ်းဒေသများ ရေရရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ ဇဂျမ်း၊ ကန်မြဲ၊ မြို့ဘ၊ ကျောင်းအို၊ ဥသျှစ်ပင်၊ ချောင်းဆုံ (အနောက်)၊ ထန်းပေါက်ကုန်းနှင့် ကန်သုံးဆင့် ကျေးရွာများတွင် (၄)လက်မ စက်ရေတွင်း(၈) တွင်းကို တစ်ပြိုင်တည်း တူးဖော်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ယင်းစက်ရေတွင်းများမှ သန့်ရှင်းသော သောက်သုံးရေကို ရရှိသုံးစွဲနေကြပြီဖြစ်သည် ။
      

အလားတူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကလည်း တောင်သာမြို့ အနောက်ဘက်ခြမ်း ကျေးရွာ များမှ ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် (၉ ဒသမ ၅) မိုင်ရှိ တောင်သာ- နတ်စောင့်-ဇဂျမ်း (၁၁) ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ (၂) ရုံတို့ကို တည်ဆောက် ပေးလျက် ရှိသည် ။ ယင်းဓာတ်အားလိုင်း မှတစ်ဆင့် ကျေးရွာအလိုက် ဓာတ်အား သွယ်ယူသုံးစွဲ ပါက ကျေးရွာပေါင်း(၂၆) ရွာရှိ အိမ်ခြေ (၅၅၀၀) ကျော်တို့မှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည် ဖြစ်သည် ။ ထို့အတူ ယင်းလျှပ်စစ်ဓာတ်အားဖြင့် ကျေးရွာများရှိ စက်ရေတွင်းများမှ ရေကို ထုတ်ယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း သိရှိရသည် ။
      

နိုင်ငံတော်သမ္မတသည် ဇဂျမ်း-ကန်မြဲ ကျေးရွာအုပ်စု မှတစ်ဆင့် နွားထိုးကြီးမြို့နယ် ကန်နား ကျေးရွာအနီးရှိ ကန်နားရေကန်ကြီးသို့ ရောက်ရှိပြီး ကန်ကြီးပြန်လည် ပြုပြင်ထားမှုကို ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဦးက ကန်ပြန်လည် ပြုပြင် ထားမှုနှင့် ဆက်လက်ပြုပြင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည် ။

      
ထို့နောက် နိုင်ငံတော်သမ္မတက ကန်နားကျေးရွာမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့သည်။

      
အဆိုပါကန်ကြီးမှာ ကန်နားကျေးရွာအနီး ရေလည်ချောင်းနှင့် နဘဲမြစ်ချောင်းကိုပိတ်၍ တည်ဆောက်ထားသော မြေသား ရေလှောင်တမံဖြစ်သည်။၂၀၁၃ ခုနှစ်တွင် သဲနုံးမြေကြီး ကျင်း ပေါင်း(၂) သိန်း တူးဖော်ခဲ့ခြင်းကြောင့် (၄၄၄) ဧကပေအထိ ရေကိုပိုမိုသိုလှောင်နိုင်ခဲ့သည်။ ယင်းသို့ တူးဖော်ခြင်းဖြင့် နှစ်စဉ်လေလွင့် ဆုံးရှုံးနေသော ရေပိုရေလျှံများအား ပိုမိုသိုလှောင် နိုင်သဖြင့် ဒေသခံ ပြည်သူများ သီးထပ်၊ သီးညှပ်ပိုမို စိုက်ပျိုးလာနိုင်မည့်အပြင် သောက်သုံးရေ ကိုလည်း လုံလောက်စွာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

 

 

www.president-office.gov.mm
This is the official website of Myanmar President Office